ကျိုက်ထိုမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျိုက်ထို ဇူလိုင် ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင် ၅ ရက်နေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားအဖြစ် သတ်မှတ်ပုံ၊ အရွယ်မရောက်သေးသောကလေးငယ်များ အလုပ်သမားမဖြစ်စေရေး စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့‌နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်သဲစုရည်က ကလေးအလုပ်သမားဟု သတ်မှတ်သည့်အသက်အရွယ်နှင့် ကလေးအလုပ်သမားများအတွက် အလုပ်သတ်မှတ်ချိန်ကိုလည်းကောင်း၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင် ဒေါ်ထူးမြတ်မြတ်‌သော်က ကလေးအလုပ်သမားပပျောက်အောင် ဆောင်ရွက်သင့်ပုံ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)