လွိုင်လင် ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ်ကြောင့် နေအိမ်နှင့်လူ့အသက်များပျက်စီးဆုံးရှုံးခဲ့ရာ ကမ္ဘောဇဖောင်ဒေးရှင်းမှ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များဆောက်လုပ်လှူဒါန်းခဲ့သည်။
ထိုသို့ ကျေးရွာနေအိမ်များ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးကြရာ ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူနှင့် ကမ္ဘောဇဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ ခေါင်းနွဲ့ကျေးရွာတည်ဆောက်ရေးကို ကမ္ဘောဇဖောင်ဒေးရှင်းစံပြကျေးရွာအဖြစ် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ လူနေအိမ်များကို ၂၇ ပေ× ၂၁ ပေ ၆လက္မ ပျဉ်ကာ ပျဉ်ခင်းသွပ်မိုး ခြေတံရှည်အိမ် ၁၁၉ လုံးနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ကျန်းမာရေးအဆောက်အဦ၊ စာကြည့်တိုက်၊ ကျေးရွာဈေးများပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး