ပျဉ်းမနား ဇူလိုင် ၆
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများအနှင့်အတူ ယနေ့နံနက်ပိုင်း ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ အဆင့်မြှင့်လယ်ယာသို့ ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ပေါ်ဆန်းစပါး စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ယနေ့တွင် တောင်သူ ဦးသန်းဇော်ဦး၏ နွေစပါး ရိတ်သိမ်းနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တောင်သူများကို ဝင်ငွေရလမ်းပိုမိုရရှိစေရန်၊ ရာသီပေါ် သီးနှံများစိုက်ပျိုးကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည့် အခြေအနေများအားပြောကြားပြီး ပေါ်ဆန်းစပါး ရိတ်သိမ်းနေမှု၊ ရိတ်သိမ်းပြီးစပါးများ ချိန်တွယ်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နှမ်းတောကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံပြီး ပြောင်းနှင့်နှမ်း စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံများကိုလည်း ပိုမိုတိုးတက်အောင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းနေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သီးထပ်စိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ နှစ်ဆတက်လာမည်ဖြစ်ပြီး ကုန်ချောထုတ်ကုန်များလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံပြီး ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်/ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်၊ စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာစေရန်၊ စီမံကိန်းလျာထားချက်များကိုပြည့်မီပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ဖြစ်အောင် အမြဲစစ်ဆေးကြပ်မတ်ပြီး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက် ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေးအတွက် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုများ အပြည့်အဝရရှိရေး၊ ရေရရှိရေးနှင့် နည်းပညာများရရှိရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးနည်းမှ စနစ်ကျ လယ်ယာမြေများဖော်ထုတ်ပြီး ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မျိုးသီဟ (ပြန်/ဆက်)