ရန်ကုန် ဇူလိုင် ၆
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ငလျင်ဘေးကြောင့်ထိခိုက်ခံစားရသော ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ပြည်သူများအတွက် ငလျင်စတင်လှုပ်ခတ်သည့် မတ်လ(၂၈)ရက်နေ့မှ ယနေ့အထိ (၃)လကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးသည့်ကဏ္ဍတွင် လူဦးရေ ၁၁၁ ဦးအား လူနာ တင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ လူဦးရေ ၁၈၇ ဦးအား စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍတွင် သောက်ရေလီတာ ၃၉၀,၀၀၀ ကျော်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး သောက်ရေလိုအပ်နေသော လူဦးရေ ၁၆,၇၃၂ ဦးထံသို့ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ အလားတူယင်လုံအိမ်သာ ၁၂ လုံးကိုလည်း ယာယီနေထိုင်ရာ စခန်းများတွင် ဆောက်လုပ်ပေးနိုင်ခဲ့သည်။
ငွေသားထောက်ပံ့ပေးမှုကဏ္ဍတွင်လည်း အိမ်ထောင်စု ၃,၈၆၆ ဦးအတွက် အိမ်ထောင်စု (၁)စု လျှင် ၅၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၉၃,၃၀၀,၀၀၀/− ကျပ် ကို ငလျင်ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးနိုင်ခဲ့သည်။
အစားအစာနှင့်အစားအစာမဟုတ်သော အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့မှုကဏ္ဍတွင်လည်း အမိုးအကာအတွက် အိမ်ဆောက်အထောက်အကူပြုပစ္စည်း ၃၂၅ ခု၊ တာပေါ်လင် ၁,၅၉၄ ခု၊ မီးဖိုချောင်သုံးပစ္စည်း ၅၃၂ ပုံး၊ မိသားစုယာယီတဲ ၈၅ လုံး၊ ယာယီတဲ(အသေး) ၅၀ လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၃၆၈ ပုံး၊ ရေပုံး ၁,၁၇၆ ပုံး၊ စောင် ၁,၁၀၁ ထည်၊ ခြင်ထောင် ၇၄၀ လုံးကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
၎င်းအပြင် ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်ပစ္စည်းများကို လူပေါင်း ၂၆,၈၈၅ ဦးထံ ဖြန့်ဝေပေးနိုင်ခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့်အသိပညာများကို လူပေါင်း ၄၁၂ ဦးထံသို့ မျှဝေပေးနိုင်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)