ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားနှင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ပြည်နယ်အဆင့် (ဒသမအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများသို့ တက်ရောက်

မြစ်ကြီးနား ဇူလိုင်

“သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၅) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ် ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ရုံးအတွင်းရှိ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာ သမဝါယမများက မျှဝေခံစားတတ်သည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် ကမ္ဘာတစ်ဝှမ်းလုံးက သဘောတူ လက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး ကြိုးစားအားထုတ်ပြီး မိမိတို့နိုင်ငံ၏ အနာဂတ်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သမဝါယမ၏ အနှစ်သာရနှင့် ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ အဓိက ဦးတည်ချက်ဖြစ်သည့် မြန်မာ့သမဝါယမပုံရိပ်ကို ပြန်လည်မြှင့်တင်ရေး တာဝန်ရှိသူများကိုယ်တိုင်က စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ရေရှည်ဖွံ့ဖြိုးရေး သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက အပြည်ပြည်ဆိုင်ရာသမဝါယမအသင်းချုပ်က ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြို့နယ် ပေါင်း(၁၃) မြို့နယ်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သမဝါယမလုပ်ငန်းများတွင် ထူးချွန်စွာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသော ပထမဆုရ မြစ်ကြီးနားမြို့နယ်၊ ဒုတိယဆုရ မိုးကောင်းမြို့နယ်နှင့် တတိယဆုရ ပူတာအိုမြို့နယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သမဝါယမ အသင်းသား/အသင်းသူများက ဒေသထုတ်ကုန် ပစ္စည်းများအရောင်းပြခန်းအတွင်း သမဝါယမအသင်းစုများ၏ ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ အဝတ်အထည်များ၊ ဝါးလက်မှုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း သမဝါယမကဏ္ဍအနေဖြင့် (၃၀-၆-၂၀၂၅)ရက်နေ့အထိ မြို့နယ်ပေါင်း (၉)မြို့နယ်တွင် သမဝါယမအသင်းပေါင်း (၆၄)သင်း၊ အသင်းသားတောင်သူ (၂၃၆၄) ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး အသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ OROP၊ အရောင်းဆိုင်၊ သဘာဝဓာတ်မြေသြဇာ၊ ဆန်စက်၊ ဆီစက်များနှင့် အခြားလုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် (၃၄၃၂ ဒဿမ ၄၀)သန်းနှင့် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (၅၂၉ ဒဿမ ၇၀)သန်း တို့ကို မတည်ထောက်ပံ့ငွေများ ထုတ်ပေးထားပြီးဖြစ်ကြောင်း ပြည်နယ်သမဝါယမဦးစီးဌာနမှ သိရ သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြပြီး ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းဘေး သတ်မှတ်နေရာအသီးသီး၌ အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးဖြစ်သည့် သပြေဘူတပင်များကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ/ ရပ်ဖများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

ထို့အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မှန်ပြတောင် မဟာအောင်ဘုန်းပွင့် ရပ်တော်မူဘုရားကြီးတောင်ခြေ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ပြည်နယ်အဆင့် (ဒဿမအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ အရိပ်ရအပင်ကြီးမျိုးများဖြစ်သည့် သစ်အယ်ပင် (၅၀၀)၊ သပြေပင် (၅၀၀)၊ ကံ့ကော်ပင် (၂၀၀)၊ အင်ကြင်းပင် (၁၀၀)၊ စကားဝါ (၅၀)ပင် တို့ဖြင့် ပျိုးပင်စုစုပေါင်း (၁၃၅၀)ပင်တို့အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက် စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် စုပေါင်းကျင်းပသော စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တစန္တာဝရာ ဘိဝံသမဟာထေရ်မြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊  ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ ရွတ်ပွားသရဇ္ဇျယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ အလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်သိုကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားတော်နာကြားခဲ့ကာ ‌ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတုဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်/သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်