မူဆယ် ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့သော ၂၀၂၅ ခုနှစ်၊ မူဆယ်မဂ္ဂဇင်း (အထူးထုတ်) စာအုပ် မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီးနောက် မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအယ်လ်စိုးထန်တူးက စာအုပ်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်အဆင့်ဆင့်အား ရှင်းလင်းတင်ပြပေးခဲ့သည်။
ထို့နောက် မဂ္ဂဇင်းစာအုပ် အောင်မြင်စွာထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် Video မှတ်တမ်းအား ပြသပေးခဲ့ပြီး အဆိုပါမဂ္ဂဇင်းစာအုပ်ကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မဂ္ဂဇင်းကော်မတီဝင်များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ၊ အခြားစာရေးဆရာများနှင့် စာမူရှင်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပရဟိတအဖွဲ့များ၊ ကြော်ငြာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သမာဓိလူကြီးများ၊ ဂေါပက အဖွဲ့များ၊ ဂေဟာနှင့်မိဘမဲ့ကျောင်းများ၊ လုပ်ငန်းရှင်များနှင့် ဘာသာရေးအသင်းအဖွဲ့များကို မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံး ပြည်သူ့စာကြည့်တိုက်များအတွက် မဂ္ဂဇင်းများ ပေးအပ်လှူဒါန်းမှုအပေါ် ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်မှူး၊ ညွှန်ကြားရေးမှူး၊ ဦးစိုးညွန့်ရွှေ (ကိုယ်စား) ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာအား ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဟန်မှ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် မူဆယ်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကိန်မိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် စာအုပ်ရောင်းချပွဲကိုလည်း မူဆယ်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆောင်ရွက်ခဲ့ကြရာ ဒေသခံပြည်သူများက လာရောက်ဝယ်ယူအားပေးကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)