သထုံမြို့နယ်၊ တောင်စွန်း-အောင်းစိုင်-ကျောက်တန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သထုံ ဇူလိုင် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်း၊ အောင်းစိုင်နှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ယမန်နေ့နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သွားရောက်ကြည့်ရှုရာတွင် အဆိုပါလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် လေးကေသားဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားရာ ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည်ဝစွာ‌ဖြင့် အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ဒေသထွက်စိုက်ပျိုး‌ရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ‌ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် တောင်စွန်း-အောင်းစိုင်-ကျောက်တန်း ကျေးရွာချင်းဆက်လမ်း (၀/၅•၅) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်ထိ (၂၀)ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)