နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဇူလိုင် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နယ်စပ်ဒသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းများနှင့် ဆိုးကျိုးများ၊ လူသားတို့အတွက် ကျန်းမာရေးအန္တရာယ်များ၊ မီးခိုးမြုငွေ့ညစ်ညမ်းမှုဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်သင့်သည်များ၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရခြင်း၏ ရည်ရွယ်ချက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်စသည့် အမှိုက်အမျိုးအစား (၄)မျိုးခွဲခြားမှု၊ သတ်မှတ်အမှိုက်ပုံး အရောင်များအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း စသည်တို့ကို ဆွေးနွေးဟောပြောသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ Social Media များမှ သတင်းတု၊ သတင်းမှားကို သတိပြုကြရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးတို့ကိုလည်း‌ကောင်း၊ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က လူငယ်များ အကျင့်စာရိတ္တကောင်းမွန်‌ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး စသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြော‌ကြရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် ဝန်ထမ်းများ၊ ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)