ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာ ပထမဦးစွာ ကဗျာရွတ်ပြိုင်ပွဲကို စတင်ကျင်းပခြင်း၊ ထို့နောက် ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဆက်လက်၍ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပြုလုပ်ပေးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် ပြိုင်ပွဲတွင်ဆုရ ကျောင်းသားကျောင်းသူများအား ဆုပေးပွဲကျင်းပရာ ပထမဦးစွာ​အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းတင့်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများသာမက အပြင်ဗဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကာယဉာဏများနှင့် ပြည့်စုံစေရန်၊ ဖတ်မှတ်စွမ်းရည်အားကောင်းစေရန်၊ ယခုငယ်စဉ်အရွယ်မှစ၍ စာအုပ်စာပေများဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုလိုလူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား ဆုများပေးခဲ့ပြီး ဆုရကျောင်းသား ကျောင်းသူများနှင့် အမှတ်တရမှတ်တမ်း ဓါတ်ပုံများရိုက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

ခင်ဝင်း(ပြန် /ဆက်)