စစ်တွေ ဇူလိုင် ၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင်နေထိုင်ကြသည့် ပြည်သူများ အတွက် အဆောင်များဆောက်လုပ်နေရာချထားပေးမှုနှင့် အဆောင်များ ဆက်လက်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများစည်းစည်းလုံးလုံးဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ရေစီရေလာကောင်းမွန်ရေးအတွက် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဝန်ထမ်းအိမ်ရာများနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုတို့ကို လိုက်လံရှင်းလင်း တင်ပြသည်။ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း ဝန်ထမ်းများက ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြသည်။
ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ရာတွင် ဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက် သရိုက်များကို ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်းရေးတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဃရာဇာဝိဟာရဘုန်းတော်ကြီးကျောင်းတိုက်၌ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်ရန်အတွက် ယာယီလူနေဆောင်များ ဆောက်လုပ်ပြီးနေရာ ချထားမှုအခြေအနေများ ကို သွားရောက်ကြည့်ရှုကြရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားပြီး ဆောက်လုပ်ပြီးအဆောင်များတွင် ပြည်သူများအေးချမ်းစွာနေထိုင်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါယာယီနေရပ်စွန့်ခွာ စုရပ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတတ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကလေးငယ်များအား စားသောက်ဖွေရာများပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်၊ ဓမ္မာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်ရန်အတွက် ယာယီလူနေဆောင်များဆောက်လုပ်ပြီး နေရာချထားမှုအခြေအနေနှင့် ဆက်လက်ဆောက်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောင်များဆောက်လုပ်နေမှုနှင့် ပြီးစီးနေမှု ပြည်သူများအားနေရာချ ထားပေးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်ရှိ တေဇာရာမဝိပဿနာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် သူရိယစန္ဒာရာမမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက် များသို့သွားရောက်၍ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်ရန်အတွက် ယာယီလူ နေဆောင်များ ဆောက်လုပ်ကာ နေရာချထားမှုအခြေအနေနှင့် ဆက်လက်ဆောက်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)