တာလေ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီးမှသာစနစ်တကျ ထိုးနှံ၊ တိုက်ကျွေးသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၂) နှစ်အောက်အောက်ကလေးငယ်များအား ပြင်းထန်တီဘီရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးတို့ ပါဝင်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)