မက်မန်း ဇူလိုင် ၅
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးနှင့် စာငှား/စာဖတ်ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ကို ဇူလိုင် (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ညနေ (၃)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက သင်တန်းတွင်ပို့ချပြသခဲ့သည့် သင်ခန်းစာများကို ဆန်းစစ်ချက်ဖြေဆိုခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက စာကြည့်တိုက်လုပ်ငန်း ရည်ရွယ်ချက်များအကြောင်း၊ စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်အမျိုးအစား၊ ထူးခြားသည့်ဝိသေသများအကြောင်း၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးအကြောင်း၊ စာစုလုပ်ငန်း၊ မှတ်ပုံတင်ခြင်း၊ မျိုးတူစုပြုခြင်း၊ မျိုးတူစုပြုရာတွင် အထောက်အကူပြုသည့် အချက်အလက်များ၊ ပညာရပ်ရာစုအလိုက် သတ်မှတ်ထားသည့် အညွှန်းများအကြောင်း၊ ရည်ညွှန်းစာအုပ်များအကြောင်း၊ ရည်ညွှန်းစာအုပ်အမျိုးအစားများအကြောင်း၊ စာအုပ်များ လေလွင့်ပြုန်းတီးမှုမဖြစ်စေရန် လိုက်နာရမည့်အချက်များအကြောင်း၊ စာကြည့်တိုက်မှူး၏ အရည်အချင်းများအကြောင်းစသည်တို့ကို ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဝန်ထမ်း (၆) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပြသပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)