တောင်ဥက္ကလာပ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျောင်းအခြေပြုမှသည် ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေး၊ အာဟာရဖွံ့ဖြိုးရေး အစားအစာအန္တရာယ် ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအခြေပြု ကျောင်းကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ သန့်လေးသန့်ဖြစ်သော အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်အပါအဝင် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သွားကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုနှင့် လူမှုရေးကျန်းမာမှုတို့နှင့် ပြည့်စုံရေး စသည်တို့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူဘဝမှ စတင်ကာကျန်းမာရေး အသိပညာဗဟုသုတများ ပြည့်စုံစေရေးနှင့် ဘဝတစ်လျှောက်လုံး လေ့ကျင့်သွားရမည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးနိုင်ရေးတို့အတွက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် မှတ်သားရန်လွယ်ကူသော ကဗျာများဖြင့် သင်ကြားပေးခြင်း၊ အသိပညာပေးဟောပြောပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်များကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးက ကြီးကြပ်၍ ဒေါက်တာအေးငြိမ်းစိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ကျန်းမာရေး ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)