ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေးဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တိုးမောင်က  အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပြောကြားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာခင်ဇာလှိုင်က အသည်းရောင်အသားဝါ(စီ) ရောဂါကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့‌နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းရှင်များက ဒေသအတွင်း အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက ဒေသအတွင်း အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြားပြီး  ခေတ္တပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးမောင်က ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူ များက  နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းစေရေး၊  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို  ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ပြည်သူများအတွက် မျှတသော စရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန်စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)