ပျော်ဘွယ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပျော်ဘွယ် ဇူလိုင် ၅

ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ပြုလုပ်ခဲ့သည်။

ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းပြုလုပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှု၊ သွားနှင့်ခံတွင်းကျန်းမာရေးတို့ကို စစ်ဆေးခဲ့ကြပြီး ကျောင်းတွင်းရောင်းချသည့် ဈေးဆိုင်များအားလည်း ကျန်းမာရေးနှင့်ညီညွတ်မှုရှိ၊ မရှိ စစ်ဆေးခဲ့ကြကြောင်း၊ အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)