ကော့မှူးမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ‌အ‌သိပညာ‌ပေး ဟောပြော‌

ကော့မှူး ဇူလိုင် ၅

လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းပိန္နဲကုန်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြတ်သူနှင့် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော်(ခင်ဇော်-ကော့မှူး) တို့က ပြောကြားရာတွင် လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများ မြင့်မားတိုးတက်စေရန်လိုကြောင်း၊ လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်များပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ လူငယ်များအနေဖြင့် အခွင့်အလမ်းကိုဖမ်းဆုပ်နိုင်ဖို့အတွက် မှန်ကန်သည့်အရည်အချင်းများ တိုးတက်ဖို့လို့ပါကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ် နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလို ကြောင်း၊ လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင်ထားရှိသင့်ကြောင်း၊ လူငယ်ဆိုတာ စပ်စုလေ့လာသင့်တယ်၊ ရှာဖွေစူးစမ်းပြီး ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကြိုးစား၍ ဗဟုသုတရှာဖွေသင့်ကြောင်း၊ လူငယ်တိုင်းမှာ လူငယ်စိတ်၊ လူငယ်အတွေး၊ လူငယ့်ရည်မှန်းချက်၊ လူငယ်ပန်းတိုင်ရှိသင့်ကြောင်း ယနေ့ခေတ်ဆိုရှယ်မီဒီယာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင် ရန်အတွက် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်စေသည့် အသိပညာဗဟုသုတများ ရရှိ‌စေနိုင်မည့် စာအုပ်စာပေများလေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်းနှင့် လူငယ်များ စာပေဖတ်ရှုသည့်အလေ့အကျင့်များ လေ့ကျင့်ပျိုးထောင်ကြရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)