စမ်းချောင်းမြို့နယ် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

စမ်းချောင်း ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စေရေး၊ အစားအစာနှင့် တကိုယ်ရေသန့်ရှင်းမှုရှိစေရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများကို မသန့်ရှင်းသောအစားအစာများကို မစားကြရန်၊ တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသောက်ရန် စသည့်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး၊ သန့်လေးသန့်နှင့် ကျန်းမာရေးကဗျာများကို ကျောင်းသား၊ ကျောင်းသူများအား ရွတ်ဆိုသင်ကြားပေးခြင်းနှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးသတင်းပတ်အနေဖြင့် အပတ်စဉ် အခြေခံပညာကျောင်းများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)