ပျဉ်းမနား ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ “နတ်သျှင်နောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရာက်ကြသည်။
ဦးစွာ “နတ်သျှင်နောင်” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တောင်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီမှ စာကြည့်တိုက် ဆိုင်ရာအချက်အလက်များ၊ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများနှင့် စာအုပ်စာစောင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွက် MRTV DTH စလောင်း၊ MRTV DVB-T2 Set Top Box တစ်စုံ၊စာအုပ်စာစောင်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင် များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများသည် ဘောဂဝတီ ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)