တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အိုင်ကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က  ကျေးလက်နေအမျိုးသမီးများ မိမိတို့ဝါသနာပါသည့်ပညာရပ်ကို လေ့လာသင်ယူခွင့်ရရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ပညာရပ်အား ကြိုးစားသင်ယူ၍ အကျိုးရှိရှိ အသုံးချစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်သည်။

အဆိုပါသင်တန်းသို့ အိုင်ကလောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)