တိုက်ကြီး ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဖွင့်လှစ်သော ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အဖျောက်မြို့မှ သင်တန်းသား ၁၅ ဦး တက်ရောက်ပြီး မော်တော်ဆိုင်ကယ်တစ်စီး ပြုပြင်ထိန်းသိမ်းဆောင်ရွက်တတ်သည်အထိ ၄၅ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)