၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

အင်းစိန် ဇူလိုင် ၄

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက တစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုမိတ်ဆက်အမှာစကားပြောကြားရာ အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် နိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးကိုများစွာ အထောက်အကူပြုနေသည့်အပြင် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက်ကိုလည်း တိုက်ရိုက်အထောက်အကူပြုလျက်ရှိပါကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အလားအလာရှိသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားစုပေါင်းလှုပ်ရှားမှုများနှင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့လည်း စဉ်ဆက်မပြတ် စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါကြောင်းနှင့် မကြာမီ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိအောင် ကြိုးစားပြီး ယှဉ်ပြိုင်သွားကြပါလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ကလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ဇူလိုင်လ(၄)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)