ကရင်ပြည်နယ် နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဘားအံ ဇူလိုင် ၄

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးအောင်မြင့်ဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ အမှတ် (၈) လူကုန်ကူးမှုတားဆီးရေးအဖွဲ့စုမှ ဒုရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးများ ဟောပြောခြင်း၊ အမှတ် (၁၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး ရဲမှူးဟန်မွှေးမှ  ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဟောပြောခဲ့ပြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်စုံအောင်မှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ Quick Win စီမံချက်(၅)ရပ်၊ ဆိုင်ကယ်လိုင်စင် လျှောက်ထားမှုဆိုင်ရာ ကား၊ ဆိုင်ကယ်မောင်းနှင်းသူများ လိုက်နာရမည့်အချက်များအကြောင်း  ရှင်းလင်းဟောကြားခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ပြီး ဟောပြောပွဲအပြီးတွင် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အမှတ် (၁၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ကရင်မှ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီးကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)