ကျိုက်မရော၌ ရော်ဘာစိုက်ဧက ၂၂၁၃၅ ဧကရှိပြီး အရည်အသွေးကောင်း ရော်ဘာပြားများမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိ

ကျိုက်မရော ဇူလိုင်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးစက်မှုထွက်ကုန်ဖြစ်သော နှစ်ရှည်ပင်ရော်ဘာဧက နှစ်သောင်းကျော်ရှိပြီး အဆို ပါရော်ဘာပင်များမှ အရည်အသွေးကောင်းမွန်သောရော်ဘာပြားများကို အသေးစားစက်မှုလုပ်ငန်းရှင်များက အရည်အသွေးပြည့်မီစွာရော်ဘာပြားများကို ထုတ် လုပ်ရောင်းချသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိပြီး တရုတ်နိုင်ငံနှင့်  မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ  နိတုံကျေးရွာ၊ လွှစင်ကုန်းကျေးရွာနှင့် မိကသစ်ကျေးရွာ ကြခတ်ကုန်းကျေးရွာ၊ လမုခိုကျေးရွာများ၌ ဒေသခံပြည်သူများအနေဖြင့် နှစ်ရှည်သီးနှံပင်ဖြစ်သည့်ရော်ဘာပင်များကို ကိုင်းဆက်မျိုးပင်များကိုသာ စနစ်တကျစိုက်ပျိုးပြီး  မိရိုးဖလာခြံလုပ်ငန်းဖြင့် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် အများအပြားစိုက်ပျိုးထားကြရာ အောင်မြင်လျက်ရှိသည်။

ကျိုက်မရော၌ အသေးစား၊ အငယ်စား အလတ်စား(MSME)လုပ်ငန်းကို အစဥ်တစ်စိုက် လုပ်ကိုင်နေသူများ ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းရှင်များရှိပြီး အဆိုပါရော်ဘာပြားများကို ရောင်းဝယ်လုပ်ကိုင်သူများထဲမှ  လပြည့်ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဇော်ထူးက ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းကို လွန်ခဲ့ သော၅နှစ်ကျော်ကစတင်၍ လုပ်ကိုင်ခဲ့ရာ မုဒုံ၊ ရေ တွင်းကုန်း၊ ပိန်းနဲကုန်း၊ ပန်းကုန်းစသည့်ကျေးရွာများ၌လည်း ဆိုင်ခွဲများ ဖွင့်လှစ်ထားပြီး ဒေသတွင်းမှထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို ဝယ်ယူဖြန့်ဖြူးနေကြောင်း   ယခုနှစ်၌ ယခင်နှစ်များကထက် စျေးနှုန်းမြင့်တက်လာသဖြင့် ဒေသထွက်ရော်ဘာပြားများ ဝယ်လိုအားကောင်း၍ စျေးကောင်းရကာသန့်စင်ပြီး  ရော်ပြားတစ်ပြားလျင် ငွေကျပ် တစ်သောင်း ကျော်အထိရပြီး ပေါင်နှင့်ဆိုလျင် အနည်းဆုံး  ၂၀၀၀ ကျော် ရရှိကြောင်း  အဆိုပါဆိုင်ရှင်က ပြောသည်။

သန့်စင်ပြီးရော်ဘာပြားများကို ဖြန့်ချီမှုအနေဖြင့် ရန်ကုန်မြို့ရှိ ရော်ဘာဒိုင်များသို့တင်ပို့ပြီး ကုန်သည်များမှာယူလိုသည့်ရော်ဘာ ပေါင်ချိန်အတိုင်း ထုပ်ပို့ရောင်း ချခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ယင်းတို့မှတစ်ဆင့် တရုတ်၊ မလေးစသည့်နိုင်ငံများကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ရော်ဘာခြံများမှထွက်ရှိသော အရည်အသွေးစံချိန်မီ ရော်ဘာပြားများကို အခြေခံပြီးလူသုံးကုန်ပစ္စည်းများဖြစ်သည့် ရေစည်၊ ရေပုံး၊ တောစီးရော်ဘာဖိနပ်ရှည် စသည့်(MSME)လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ပါက(MSME)လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)