နေပြည်တော် ဇန်နဝါရီ ၁၂
ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းအရာကိစ္စများကို ပွင့်လင်းမြင်သာစွာ ဆွေနွေးတိုင်ပင်နိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို အများပြည်သူအကြားတွင် ဆွေးနွေးသည့် အလေ့အထများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်နှင့် အများနှင့်ပါဝင်ဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပသည်။
အခမ်းအနားတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအေး က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးတင့်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းမျိုးထက်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီစိန် တို့က သက်ဆိုင်ရာဌာနများအလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးလက်နေပြည်သူများက ကျေးရွာတွင်းလမ်းနှင့် ရေနှုတ်မြောင်း၊ ကုန်ထုတ်လမ်း၊ လျှပ်စစ်မီးလင်းရေး၊ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)