ကျေးသီးမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျေးသီး ဇူလိုင် ၄

သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ကျေးသီးမြို့၊ ဝမ်ကန်ရပ်ကွက်ရှိ နောင်ကောစေတီကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များကို ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများမှ သတ်မှတ်နေရာအသီးသီးတို့၌ ခါတော်မီ၊ ချယ်ရီ၊ မဲဇလီ၊ စိန်ပန်းပြာ၊ စိန်တခြူ စုစုပေါင်း ပျိုးပင်(၁၂၅၀)ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)