မချမ်းဘော ဇူလိုင် ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မူလွန်နန်ဆဘွမ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပညာရွှေအိုးလူမခိုး ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် နယ်လှည့်စာကြည့်တိုက် ယူဆောင်လာသော သုတရသကလေးစာပေစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများအား ဖတ်ရှုစေကာ မိမိဖတ်ရှုထားသော စာအုပ်များပါ အကြောင်းအရာများကို ပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက်ဟောပြောပွဲ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၇၀ ဦးတို့က ခင်းကျင်းပြသထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလားတူယမန်နေ့ညနေ့၃နာရီက အ.မ.က-အမ်ဘူဒမ်းကျောင်း၌ လည်းစာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ရာ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းတို့ကိုလည်း တစ်ပါတည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ