တပ်ကုန်းမြို့နယ်၌ ဆီထွက်သီးနှံ မြေပဲ ၁၃၀၄ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

တပ်ကုန်း ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲကို ၂၀၉၀၀ ဧက လျာထားစိုက်ပျိုးပြီး၊ ယနေ့ထိ ၁၃၀၄ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ ဒီတပ်ကုန်းနယ်မှာ  မိုးမြေပဲကို ၂၀၉၀၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၃၀၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ကွင်းတာဝန်ခံ ဝန်ထမ်းက ကွင်းဆင်းဆောင်ရွက်နေပါတယ်။ မြေပဲစိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ အထွက် နှုန်းတွေ ကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ မြေပဲအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်နိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းနိုင်ရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲနိုင် ရေး တောင်သူအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေပဲအထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှု ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် မြေပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။