နမ့်စန်(တ) ဇူလိုင် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် Grade-11 မှ မဆုလင်းမြတ်က လူငယ်နှင့်မူးယစ်ဆေး၊ မသက်နှင်းစံက မြန်မာနိုင်ငံသို့ မူးယစ်ဆေးစတင်ရောက်ရှိလာပုံနှင့် ငယ်များအသုံးပြုခြင်း၊ မောင်စိုင်းလွန်းချစ်က စိုက်ပျိုးရေးနှင့်ကုသရေး၊ မနန်းဆုရတီနွယ်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မမြသိင်္ဂီကျော်က စိတ်ကြွဆေးဝါးများနှင့် ဥပဒေပုဒ်မများ၊ မရွှေရည်ဝင်းက စိတ်ကျခြင်းနှင့်ဆိုးကျိုးများ၊ မောင်ရဲထက်နိုင်က မူးယစ်ဆေးကြောင့် လူငယ်များ ဘဝပျက်စီးဆုံးရှုံးရပုံ နှင့် Grade-10 မှ မောင်ရဲမင်းထွေးက ထင်ယောင်ထင်မှားဖြစ်စေသော မူးယစ်ဆေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ.ထ.က (နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)