ကျောက်ဆည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်ခင်မြတ်သိန်းက စာအုပ်စာပေးလူ့မိတ်ဆွေဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်များဖြစ်အောင် အသိပညာပေးဟောပြောပွဲများ စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသူများသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အကောင်းအဆိုးကို ခွဲခြားနိုင်သောကြောင့် အောင်မြင်တိုးတက်သူများ ဖြစ်ကြောင်းနှင့် အားလပ်သည့်အချိန်များတွင် စာအုပ်များဖတ်ရှုသွားကြစေလိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)