မုဒုံ ဇူလိုင် ၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင် နံရံကပ်ပိုစတာပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အ.ထ.က (၃)ကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မို့မို့သိန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်နှင့်ပြည်သူများအား သမိုင်းအသိပညာဗဟုသုတများကြွယ်ဝစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်လဲ့လဲ့မော်က အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အကြောင်းအရာများနှင့်ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ စာအုပ် စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)