လှိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌  အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

လှိုင် ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ၊ စာအုပ်‌ စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင်လ ၂ ရက်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဦးညိုထွန်းက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ “စာဖတ်ခြင်း၏ အကျိုး‌ကျေးဇူး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အနက်မှ အဓိကကျသောအကြောင်းအရာများဖြစ်သည့် စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားလာခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ အတွေးအခေါ်အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊  စာပေအရေးအသားကောင်းခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေခြင်း၊ ဗဟုသုတအတွေ့အကြုံရရှိစေခြင်း၊ တီထွင်ကြံဆမှုအားကောင်းစေခြင်း၊ စိတ်ဓာတ်နူးညံ့သိမ်မွေ့စေခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)