မိုးနဲမြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးထားကြသော ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တောင်သူအများအပြား မိုးရာသီကာလ ယခုအချိန်တွင် cp အမျိုးအစားပြောင်းများကို စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ နွေရာသီကာလတွင် ပဲပုပ်၊ ကြက်သွန်ဖြူများကို ရေသွင်းစိုက်ပျိုးထားကြပြီး ယခုကာလတွင် စပါး၊ မြေပဲ၊ ပြောင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေတောင်သူများမှ စိုက်ပျိုးထားကြကြောင်း၊ ပြောင်းများမစိုက်ပျိုးမီ အကြမ်းထယ်ထွန်ထားပေးရကြောင်း၊ စိုက်ပျိုးချိန်တွင် တစ်ဖန်ထွန်ယက်ပြီး အငှားစိုက်ပျိုးသူများကို တစ်ဦးလျှင် ကာလပေါက်ဈေး ကျပ် ၂၅၀၀၀ ဖြင့် ခေါ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးချိန်တွင်လည်း အပင်ကြီးထွားနူန်းကောင်းမွန်စေရေး၊ ပေါင်းပင်များရှင်းလင်းရေးတို့အတွက် မြေဆွသူတစ်ဦးလျှင် ကျပ် ၁၅၀၀၀ ဖြင့်ထပ်မံငှားရမ်းရကြောင်း၊ အပင်ကြီးထွားမှုနူန်းနှင့် အဖူးကြီးထွားမှုနူန်းမြင့်မားစေရန် အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများကို ပတ်ဖျန်းပေးရကြောင်း၊ ထို့ပြင် ပုလဲမြေဩဇာကိုလည်း အသုံးပြုပေးရကြောင်း၊ မြေဩဇာကောင်းမွန်စေရန်အတွက်လည်း နွားချေး၊ မြေပဲခွန်နှင့် ကြက်ချေး တစ်မျိုးမျိုးကို အသုံးပြုပေးရကြောင်း၊ အစောပိုင်းစိုက်ပျိုးထားသဖြင့်ယခုအချိန်တွင် စတင်စိုက်ပျိုးပြီးချိန်မှ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ပြောင်းများ ချိုးယူရန် စောင့်ဆိုင်းနေသည့်အချိန်ဖြစ်ကြောင်း၊ ရောင်းချချိန်တွင်လည်း ပြောင်းဈေးများ ကောင်းမွန်စေရန် မျှော်လင့်နေကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)