မိုးနဲ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ကစတင်ကာ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဒေါက်တာဇင်မီဟန်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂ လမှ ၁နှစ်ခွဲနှင့်အောက် ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်)အစရှိသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ အစရှိသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများကို လစဉ်လတိုင်း ၃ ရက်နေ့တွင် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)