မိုင်းဖြတ် ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်ရန်ပုံငွေသိန်း (၄၀၀) ကျပ် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဝမ်နောင်ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ တစ်ပိုင်တစ်နိုင်မှ တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်မည့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းရွှေနှင့် ဦးညီဝင်းထွန်းတို့က အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရန်ပုံငွေကျပ်သိန်း (၄၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးနန်လုံးခမ်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)