ချမ်အေးသာစံ ဇူလိုင် ၄
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃)ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရာပြည့်သဘင် ကျင်းပရေးဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား ရည်ရွယ်ချက်၊ ဦးတည်ချက် အနှစ်သာရပြည့်ဝစွာဖြင့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန် းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူ အားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍအလိုက် စုပေါင်းညီညွတ်မှုအားဖြင့် ပူးပေါင်းပါဝင်ကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသူများက ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်း မြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင် ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ဘွဲ့ကြို၊ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်