နောင်တရား ဇူလိုင် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု စိန်ပန်းကျေးရွာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) မှ ရဲမှူးချုပ် သန့်လွင်မောင်၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဖန်နုရတ်လုပ်ဘွန် (Pol.Lt.Gen. Phanulat Lukboon)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံအခြေစိုက် မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အရာရှိချုပ် ဒစ်စပန်နဒါ ဒစ်စကွန် (M.L.Dispanadda Diskul) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်တွင်း ကွင်းဆင်းလေ့လာခဲ့သည်။
အဆိုပါလေ့လာရေးအဖွဲ့သည် စိန်းပန်းဘုန်းတော်ကြီးကျောင်းအနီး၌ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ပံ့ပိုးထားသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူးရေး ကျွဲ၊ နွားများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ကျောင်းတိုက်အနီးရှိ စိုက်ပျိုးထားသည့် စီမံကိန်းကော်ဖီခြံကို ကြည့်ရူလေ့လာကာ စီမံကိန်းဒေသ စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ ထို့နောက် လေ့လာရေးအဖွဲ့နှင့် ဒေသခံပြည်သူများက သံဃာတော်များကို ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြက်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့သည်။
စီမံကိန်းဒေသလေ့လားရေးအဖွဲ့များက ဒေသခံတောင်သူများကို မွေးမြူရေး ကျွဲ၊ နွားများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဒေသခံများက စီမံကိန်းဒေသလေ့လာရေးအဖွဲ့များသို့ ဒေသထွက်ကုန်ပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)