ဟိုပုံး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွားကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်က အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ဟာ မြန်မာအမျိုးသမီးများနေ့ဖြစ်ပါကြောင်း၊ အစဉ်အလာကြီးမားတဲ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် လှုပ်ရှားမှုနဲ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာအမျိုးသမီးတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ယဉ်ကျေးမှု ဟန်ပန်တွေဟာ အခြားနိုင်ငံများနဲ့မတူဘဲ တစ်မှုထူးခြားနေတယ်လို့လည်းဆိုနိုင်ပါကြောင်း၊ ယခုနှစ် မြန်မာအမျိုးသမီးများနေ့ ဆောင်ပုဒ်ဟာ “ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဖြစ်ပါကြောင်း၊ ဟိုပုံးမြို့မှာတော့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် သွားကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးမှာဖြစ်ကြောင်း၊ အမျိုးသမီးဘဝကျန်းမာလှပစေဖို့အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာနေဖို့အထူးလိုအပ်ကြောင်း၊ အမျိုးသမီးများအနေနဲ့လည်း မြန်မာအမျိုးသမီးများ၏ဂုဏ်ရည်ကို ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံ့ဂုဏ်မြှင့်မားတိုးတက်အောင် မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်များကို တန်ဖိုးထားပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် ပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာမေသန္တာစိုးက သွားကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာမေသန္တာစိုး သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းသိကောင်စရာအချက်များ၊ သွားနှင့်ခံတွင်းကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ၊ သွားနှင့်ခံတွင်းကျန်းမာရေး ပြဿနာရှိတဲ့လက္ခဏာများ၊ သွားနှင့်ခံတွင်းပြဿနာတွေဖြစ်စေသောအကြောင်းအရင်းများ၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းရောဂါအမျိုးအစားများ၊ ခံတွင်းကျန်းမာရေးနှင့် ပြင်ပကျန်းမာရေးပြဿနာများ၏ ဆက်နွယ်မှုကုသခြင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)