ဟိုပုံးမြို့နယ်၌ မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း၌ စိုက်ပျိုးရေးသွင်းအားစုများရောင်းချလျက်ရှိသော မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူးရုံးတွင် ကျင်းပသည်။

ဦးစွာဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်သက်သက်အေးမှ စိုက်ပျိုးရေးသွင်းအားစုများဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီရောင်းချရေး၊ သက်တမ်းလွန်စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခါအားလျော်စွာရောင်းချခွင့် ပိတ်ပင်ထားသောပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ စိုက်ပျိုးရေးပစ္စည်းများရောင်းချရာတွင် စနစ်တကျရောင်းချရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲ၊ ပြဿနာတစ်စုံတစ်ရာကြု့တွေ့လာပါက ဥပဒေဘောင်အတွင်းမှ စနစ်တကျဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်းစန်းဝင်းမှ မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်ရရှိသူများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်အကြောင်းအရာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်မျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မိုးမှ မျိုးစေ့တင်သွင်း/တင်ပို့ခွင့် ထောက်ခံချက်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း၊ မျိုးစေ့လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း လုပ်ငန်းအကြောင်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ် ပိုးမွှားကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ခင်စုရည်မှ ဘေးအန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေးများဖြန့်ဖြူးရောင်းချရေး၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသော အရောင်းဆိုင်များမှ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)