ကွမ်းခြံကုန်း ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁ ရက်နေ့ ညနေက မြို့မပိုင်းရပ်ကွက်၊ အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဘောဂဗလ၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ စသည့် ဗလငါတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန်နှင့် စာပေဟူသည်ကား လူမျိုး၏အသက်ပင်ဖြစ်ကြောင်း စာပေပျောက်ကွယ်လျှင်၊ လူမျိုးလည်း ပျောက်ကွယ်သွားတတ်ကြောင်း ရေမြင့်လျှင်ကြာတင့် ဆိုသကဲ့သို့ စာပေမြင့်လျှင် လူမျိုးလည်းတင့်တယ်နိုင်ကြောင်း၊ စာပေက နိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းပြဆိုသော စံပြအညွှန်းလည်းဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ကုန်အညွှန်းအမှတ်အသားအကြောင်း စသည်တို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသူ/သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)