မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ပညာသိင်္ဂီဘုန်း‌တော်ကြီးပညာသင်ကျောင်းနှင့် ဇလွန်ဘုန်းတော်ကြီးပညာသင်ကျောင်းများ၌ ဇူလိုင် ၁ ရက်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ‌ ကျန်းမာရေး၀န်ထမ်းများက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆရာ/မများ၊ ကျောင်းသား/သူများနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကဗျာများရွတ်ဆိုပြခြင်း၊ ကျောင်းပတ်၀န်းကျင်သန့်ရှင်းရေးနှင့် ရေသိုလှောင်ရာကန်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

မိုးရာသီကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ နေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအပြင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းသိန်းထွန်း