ရန်ကုန် ဇူလိုင် ၃
အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင်ကြားရှင်းလင်းရွတ်ဖတ်လေ့ကျင့်ပေးခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေသီရိ(ဦးစီးအရာရှိ-သွားကျန်းမာ)နှင့် ဒေါ်မိုးသီတာဦး(ဦးစီးအရာရှိ-မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် အမှတ်(၆)၊ (၉)၊ (၁၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အ.မ.က (၁၁) ရှိ မူလတန်း ကျောင်းသား၊ သူ (၁၅၆) ဦးနှင့် အ.မ.က (၉) ရှိ မူလတန်းကျောင်းသား၊ သူ(၁၇)ဦး၊ အ.လ.က(၂)ရှိ မူလတန်းကျောင်းသား၊ ကျောင်းသူ(၇၈)ဦး၊ အ.မ.က(၆)ရှိ ကျောင်းသား၊ သူ(၁၄)ဦးတို့အား အသိပညာပေးကဗျာများဖြစ်သော သန့်လေးသန့်၊ ရန်သူ၊ အစာစားပါကဗျာများအား သင်ကြားရှင်းလင်းရွတ်ဖတ်လေ့ကျင့်ပေးခြင်း၊ သန့်လေးသန့်ကို လိုက်နာစို့၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ပါ၊ ငှက်ဖျားရောဂါကင်းဝေးဖို့ ကြိုတင်ကာကွယ်စို့နှင့် အာဟာရပြည့်ဝစေရန် အစာအုပ်စု(၃)စုပါဝင်အောင်စားပါခေါင်းစဥ်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းသားများအား ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများအား လုပ်ဆောင်စေခြင်း၊ ကျန်းမာရေးအသိပညာပေးပိုစတာများ ချိတ်ဆွဲပေးခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)