ဗိုလ်တထောင်ခရိုင်ရုံးဖွင့်လှစ်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်၊ အန္တရာယ်ကင်းပရိတ်ရွတ်

ဗိုလ်တထောင် ဇူလိုင်

ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်းကို ဇူလိုင် ၁ ရက် နံနက် ၆ နာရီက ခရိုင်ရုံးတည်ရှိရာ သာကေတမြို့နယ်ရှိ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို သြကာသကန်တော့ချိုးဖြင့် ဖွင့်လှစ်ပြီး ဗိုလ်တထောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ အဖွဲ့ဝင် (၃) လ.ဝ.က ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်နှင့် ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက် သံဃာတော်အရှင်သူမြတ်များကို အရုဏ်ဆွမ်းများ ဆက်ကပ်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားတော်နာခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဝင်း (ပြန်/ဆက်)