မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သာစည် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြာဘက်ကုန်း အ-ထ-က(ခွဲ)မှဆရာ/မများနှင့်ကျောင်းသား/သူများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းပြီး မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင် ၁၈/၀ မှ ၁၈/၁ အတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အရိပ်ရနှစ်ရှည်ပျိုးပင်များကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ထံသို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ကျော်စိုးက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ထံသို့လည်းကောင်း ပေးအပ်သည်။ ဆက်လက်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မိုးရာသီသစ်ပင်များ စိုက်ပျိုးပေးသည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြာဘက်ကုန်း အ-ထ-က(ခွဲ)မှ ဆရာ/မများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ သစ်ပင်များ စိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရနှစ်ရှည်ပင်ဖြစ်သည့် တမာပင် ၃၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်ပင်စိုက်ပျိုးသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)