မက်မန်း ဇူလိုင် ၃
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ရောက်ရှိသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီအချိန်က မက်မန်းမြို့ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသောင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုနှင့် အဖွဲ့ဝင်များက မယ်ဇလီ (၅၀) ပင်၊ ချယ်ရီ (၅) ပင်၊ စိန်ပန်းပြာ (၄၀) ပင်၊ ငုရွှေဝါ (၁၅)ပင်၊ ကျွန်း(၂၀) ပင်၊ မန်ဂျာရှား (၂၀) ပင်၊ စုစုပေါင်းပျိုးပင် (၁၅၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုမှ မြန်မာအမျိုးသမီးများနေ့ပေါ်ပေါက်လာသည့် သမိုင်းအကြောင်းအကျဉ်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပါဝင်စားစွာဆောင်ရွက်ခဲ့သည့်ဌာနနှင့် လူပုဂ္ဂိုလ်များအားတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)