မဟာအောင်မြေမြို့နယ် Y Mandalay Hotel ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် Y Mandalay Hotel ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဂုဏ်ပြုအဖွင့်တေးသီချင်းဖြင့်ဖွင့်လှစ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍတို့တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ဆုရရှိသော အမျိုးသမီး (၉) ဦးအား ဂုဏ်ပြုဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက် အကြိမ်အများဆုံး သွေးလှူဒါန်းသောသွေးလှူရှင် ထူးချွန်အမျိုးသမီးနှင့်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လူမှုဂရုဏာလုပ်ငန်းများနှင့် ရှေးဦးသူနာပြုခြင်းလုပ်ငန်းမျာကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့များနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ လူမှုရေးဆောင်ရွက်ချက်အကောင်းဆုံးဆုရရှိသူ (၄) ဦးအား ဆုများ ဆက်လက်ချီးမြှင့်ပေးခဲ့ပြီးနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Video Clip ပြသခြင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုအောက်ရှိ ဌာနငယ်သင်တန်းကျောင်းမှ အမျိုးသမီးငယ်လေးများက မြန်မာအမျိုးသမီးများနေ့ သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ခင်းကျင်းပြသည့် လူမှုရေးဆောင်ရွက်ချက် ပြခန်းများများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း