ပြည်ကြီးတံခွန် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(၂၇)ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်း သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အီလက်ထရောနစ် မဲပေးစက်ကို ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်အသုံးပြုတတ်စေရန် လာမည့်ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲပေးရာတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်က သင်တန်းနှင့် ပက်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို (၁.၇.၂၀၂၅ရက်နေ့မှ ၂၆.၇.၂၀၂၅ရက်နေ့အထိ) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်းသိရသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များက အီလက်ထရောနစ် မဲပေးစက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်း သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်မည့် သက်ဆိုင်ရာတာဝန်ရှိ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်