၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(မြို့နယ်ပေါင်းစုံ) အသက်(၂၃)နှစ်အောက် အမျိုးသား/သမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသော မိုင်းဆတ်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆို

မိုင်းဆတ် ဇူလိုင် ၃

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(မြို့နယ်ပေါင်းစုံ)၊ အသက်(၂၃)နှစ်အောက် အမျိုးသား/သမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသော မိုင်းဆတ်မြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးတင်ထွန်းအောင်နှင့်ဇနီး ဒေါ်ဖြူသက်နှင်းထွတ်က ဂုဏ်ပြုလက်ဆောင်ပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေအား  ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ပထမတံခွန်စိုက်ဆုဖလားရရှိသော မိုင်းဆတ်မြို့နယ်အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်ထံ ပထမတံခွန်စိုက်ဆုဖလားအားအပ်နှံပြီး ဂုဏ်ပြုဆုငွေအား လက်ခံရယူသည်။ ယင်းနောက် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးရှီးမွန်လေးနှင့် ဒေါ်အက်စတာ(ဇိအုန်မိသားစု)နှင့် စေတနာရှင်ပြည်သူများက ပထမတံခွန်စိုက်ဆု ဖလားရရှိခဲ့သော အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုတော်ငွေများအားပေးအပ်ချီးမြှင့်ခဲ့ကြပြီး အသင်းနည်းပြဦးနိုင်နိုင်ဦးက ပြိုင်ပွဲအတွေ့အကြုံများအားလည်းကောင်း၊ ပြိုင်ပွဲဝင်အားကစားသမား မအေးမေက ကျေးဇူးတင်စကားအားလည်းကောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဖလား(မြို့နယ်ပေါင်းစုံ)၊ အသက်(၂၃)နှစ်အောက် အမျိုးသား/သမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်

ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များအနေဖြင့် ဇွန်လ ၂၇ ရက်နေ့တွင် ကလောအသင်း အား (၂:၀)ဖြင့် အနိုင်ရရှိ၍လည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် ပင်းတယအသင်းအား (၀:၂)ဖြင့် ရှုံးနိမ့်၍လည်းကောင်း၊ ရက်စောက်အသင်းအား (၂:၀)ဖြင့် အနိုင်ရရှိ၍လည်းကောင်း အုပ်စုဒုတိယ အဖြစ် တက်လှမ်းခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် စီမီးဖိုင်နယ်အနေဖြင့် လွိုင်လင်အသင်းအား (၀:၂) ဖြင့် အနိုင်ရရှိခဲ့သဖြင့်  ဇွန်လ ၃၀ ရက်နေ့တွင် ပင်းတယအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ရာ ပင်းတယ အသင်းအား (၂:၀) ဖြင့် အနိုင်ရရှိခဲ့သဖြင့် ပထမတံခွန်စိုက်ဆုဖလားကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)