ချမ်းအေးသာစံ ဇူလိုင် ၃
၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဇူလိုင် ၉ ရက် ဝါဆိုလပြည့်နေ့တွင် အောင်မြေသာစံမြို့နယ်ရှိ အတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟာမှုမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်