မိုင်းယောင်း ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်မည့် ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း-ဝမ်တောင်းလမ်း(ထပ်လုံစေတီလမ်း)ပေါ်ရှိ ပေ(၃၀) သံကူကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်မှ ယနေ့တွင် တံတားတည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း-ဝမ်တောင်းလမ်း(ထပ်လုံစေတီလမ်း)သည် မိုင်းယောင်းမြို့၏ အထင်ကရ ထပ်လုံစေတီသို့ သွားရောက်ဖူးမြော်သည့်လမ်းဖြစ်ပြီး ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၃၂၉)အိမ်၊ လူဦးရေ (၁၆၅၄)ဦးအား အကျိုးပြုနေသောလမ်းဖြစ်သည်။ တံတားအရှည် ပေ(၃၀)၊ အကျယ် ပေ(၂၀)၊ အမြင့် ခုနစ်ပေ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး လုပ်ငန်းအမြန်စတင်အကောင်ထည်ဖော်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်ချိန် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီစွာဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရာဇီ(ပြန်/ဆက်)