တပ်ကုန်း ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစိုက်ဝါသီးနှံ ၄၈၆၉ ဧကလျာထားစိုက်ပျိုးပြီး ယနေ့ထိ ၁၁၄၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဝါစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက လျာထားစိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများကောင်းမွန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့်စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
“ဒီတပ်ကုန်းနယ်မှာ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တောင်သူတွေက ၆၆၆(RAKa)မျိုး ဝါအစိုက်များပါတယ်၊ ဝါစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်းမွန်တဲ့ ဝါဖတ်များရရှိဖို့ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လို့”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ဝါအထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ကြမ်းဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဝါကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်